အပိုင်းတစ်။ ကျိုးကြောင်းဆင်ခြင်မှုနှင့်မဆင်ခြင်မှု Burmese Share TweetPart one of a Burmese translation of Reason and Revolt, by Ted Grant and Alan Woods.[Source]၁။မိတ်ဆက်ကျွန်တော်တို့ဟာ သမိုင်းကြောင်းအရ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်ပေါ်တော့မဲ့ ကာလတစ်ခုမှာနေထိုင်နေကြ တာဖြစ်တယ်။ နှစ်လေးဆယ်လောက်ကြာမြင့်တဲ့ စီးပွားရေးတိုးတက်ဖြစ်ထွန်းမှုတွေ အပြီးမှာတော့ ဈေးကွက်စီးပွားရေးဟာ သူ့ရဲ့ကန့်သတ်ချက်ဆီရောက်လာပြန်ပါပြီ။ ရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုတွေ ကျုးလွန်ခဲ့ပေမဲ့ လည်းအရင်းရှင်စနစ်က ပေါ်ထွန်းကာစမှာတော့ ကုန်ထုတ်လုပ်မှုစွမ်းအားတွေကိုမြှင့်တင် ပြောင်းလဲပေးခဲ့ပါ တယ်။ ဒါကနောင်ပေါ်ထွန်းမဲ့လူ့အဖွဲ့အစည်းစနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်နဲ့ရှရှားတော်လှန်ရေးက အရင်းရှင်စနစ်ရဲ့အခန်းကဏ္ဍဟာ ပြောင်းလဲသွားပြီဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ အရင်းရှင်စနစ်ဟာ ကုန်ထုတ်လုပ်မှုစွမ်းအားတွေကို တိုးတက်ပြောင်းလဲစေခဲ့ပေမဲ့ အခုချိန်မှာတော့စီးပွားရေးနဲ့လူမှုရေး တိုးတက်ပြောင်းလဲမှုအတွက် ကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်လာနေပါပြီ။ ၁၉၄၈-၇၃အထိဖြစ်ပေါ်ခဲ့တဲ့ အနောက်နိုင်ငံတွေက စီးပွားရေးတိုးတက်မှုတွေဟာ အရင်းရှင်စနစ်ရဲ့အရုဏ်ဦးတစ်ခုလိုဖြစ်ခဲ့ပါသေးတယ်။ ဒါတောင်မှပဲ အကျိုးအမြတ်တွေက လက်တစ်ဆုပ်အရင်းရှင်နိုင်ငံကြီးတွေရဲ့ လက်ထဲမှာပဲရှိနေခဲ့တာပါ။ တတိယ ကမ္ဘာမှာနေထိုင်ကြတဲ့ လူဦးရေရဲ့သုံးပုံနှစ်ပုံအတွက်ကတော့ အလုပ်လက်မဲ့များပြားမှု၊ ဆင်းရဲမွဲတေမှု၊ စစ်ပွဲတွေနဲ့ ဗိုလ်ကျစိုးမိုးခံရမှုတွေပဲပြည့်နေခဲ့ပါတယ်။ ဒီကာလဟာလည်း 1973-4မှာ ဖြစ်ခဲ့တဲ့ လောင်စာဆီအကျပ်အတည်းတွေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးတော့စစ်ပြီးခေတ်မှာရှိခဲ့တဲ့ ဖွံဖြိုးမှုနဲ့ အလုပ်အကိုင်ပေါများမှုတွေဆီ ပြန်မရောက်နိုင်တော့တာ ယနေ့အထိပါပဲ။လူမှုစနစ်တစ်ခုရဲ့ယဉ်ကျေးမှုယိုယွင်းပျက်စီးလာမှုဟာ ဒီစနစ်ရဲ့ ပြန်အဖတ်ဆည်မရတော့တဲ့ ကျဆင်းမှု အခြေအနေကိုဖော်ပြနေပါတယ်။ ဒါတွေဟာ နည်းမျိုးစုံနဲ့ လူတွေအပေါ်ထင်ဟပ်လာပါတယ်။ အနာဂတ်နဲ့ ပက်သတ်ပြီး အဆိုးမြင်ဝေဖန်မှုတွေနဲ့ စိတ်ပျက်လက်ပျက်ဖြစ်လာမှုတွေက လူတွေကြားမှာ ပြန့်နှံလာပါတယ်။ အထူးသဖြင့်တော့ ပညာတက်တွေထဲမှာပါ။ ယခင်က လူသားရဲ့တိုးတက်ဖြစ်ထွန်းမှုနဲ့ ဆင့်ကဲပြောင်းလဲမှုအကြောင်း ယုံယုံကြည်ကြည် ပြောဆိုကြသူတွေက ဒီကနေ့မှာတော့ အမှောင်အမိုက်နဲ့ မရေရာမှုတွေပဲမြင်လာကြပါတော့တယ်။ နှစ်ဆယ်ရာစုဟာ ဆိုးဝါးတဲ့ကမ္ဘာစစ်ကြီးနှစ်ခု၊ စီးပွားရေးပြိုကျပျက်စီးမှုတွေနဲ့ စစ်နှစ်ခုအကြားက ဖက်စစ်ဝါဒရဲ့ အိမ်မက်ဆိုးတွေကို ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါက အရင်းရှင်စနစ်ရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေဟာ အတိတ်မှာကျန်ခဲ့ပြီဆိုတာ ပြသနေတာပါပဲ။အရင်းရှင်စနစ်ယိုယွင်းလာမှုဟာ ဘဝတွေအကုန်လုံးအပေါ် သက်ရောက်မှုရှိပါတယ်။ စီးပွားရေးသက်သက်တောင်မဟုတ်ပါဘူး။ ငွေကြေးကစားမှုတွေနဲ့ အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးသုံးစွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေများပြားလာပါတယ်။ အလွန်အမင်းတစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ သူတစ်ပါးရဲ့ခံစားရမှုအပေါ် ထူးမခြားနား သဘောထားတာတွေက ကိုယ်ကျင့်တရားဖြစ်လို့လာပါတယ်။ ဘူဇွာမိသားစုအသိုက်အဝန်းဟာ ယိုယွင်းပျက်စီးလာနေပြီး သူတို့ရဲ့ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေဟာ ပြိုလဲနေပါပြီ။ ဒါတွေကလွဲလို့ ဘာများဖြစ်နိုင်ဦးမှာလဲ။ အုပ်စိုးသူလူတန်းစားကိုယ်တိုင်က သူတို့ဟာ လူမှုဘဝတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေပြီဆိုတာ ခံစားသိရှိလာခြင်းဟာ လူမှုစနစ်တစ်ခု အကျပ်အတည်း ဖြစ်လာခြင်းရဲ့ လက္ခဏာ တွေထဲက တစ်ခုဖြစ်ပါတယ်။လူ့အဖွဲ့အစည်းတစ်ခုမှာလွမ်းမိုးနေတဲ့ အတွေးအမြင်တွေက အုပ်စိုးသူလူတန်းစားရဲ့ အမြင်ပဲလို့ မာ့က်စ် ကထောက်ပြခဲ့ပါတယ်။ ဘူဇွာတွေ ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေတုန်းကတော့ သူတို့ဟာ လူ့ယဉ်ကျေးမှုတိုး တက်ရေးမှာတားဆီးကန့်သတ်နေတဲ့အရာတွေကို တိုက်ထုတ်ရာမှာ အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်ခဲ့တာပါ။ သူတို့ကိုယ်တိုင်ကလည်းဒါကို သိရှိခဲ့ပါတယ်။ အခုချိန်မှာတော့ အရင်းရှင်တွေက အဆိုးမြင်စိတ်တွေနဲ့ပဲ ဗျူ ဟာခင်းကြပါတော့တယ်။ သူတို့ကသမိုင်းကြောင်းအရ ပြိုကျနေပြီဖြစ်တဲ့ စနစ်ကြီးတခုကို ကိုယ်စားပြုထားသူတွေပါ။ ဒါပေမဲ့ ဒါကိုလက်မခံနိုင်ပါဘူး။ ဒီလို မကျေမလည်ဖြစ်လာတဲ့ ပဋိပက္ခ တွေဟာ ယနေ့ခေတ်ဘူဇွာတွေရဲ့ တွေးခေါ်စဉ်းစားမှုအပေါ် လွှမ်းမိုးလာပါတယ်။ ချောက်ကမ်းပါးအစွန်မှာရှိနေတဲ့ လူတယောက်ဟာ ကျိုးကြောင်းမဆင်ခြင်နိုင်တော့ဘူးလို့ လီနင်ကပြောဖူးပါတယ်။အသိစိတ်နောက်ကျကျန်ခဲ့ခြင်းယေဘုယျအားဖြင့် လူ့အသိစိတ်ဟာ လူ့အဖွဲ့အစည်းရဲ့ တိုးတက်ဖြစ်ထွန်းမှု၊ နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုတိုးတက်မှု တွေရဲ့နောက်မှာ ပြတ်ကျန်နေခဲ့တတ်ပါတယ်။ အလေ့အကျင့်တွေ၊ အစဉ်အလာနဲ့ ဓလေ့တွေက မာ့က်စ်ရဲ့ စကားကိုယူသုံးရရင် တောင်ကုန်းတခုလိုပဲ လူသားတွေရဲ့ စိတ်အစဉ်အပေါ်မှာဖိထားတတ်ပါတယ်။ သမိုင်းရဲ့ ပုံမှန် တည်ငြိမ်တဲ့ကာလတွေမှာ လူတွေက လမ်းဟောင်း နည်းဟောင်းတွေအပေါ်မှာပဲ ခေါင်းမာ မာနဲ့ဖက်တွယ်ထားတတ်ပါတယ်။ ဒါကတော့ကျနော်တို့မျိုးစိတ်တွေရဲ့ ဟိုးအရင်အတိတ်တွေဆီကတည်းက အစပြု ဖြစ်တည်လာခဲ့တဲ့ ထိန်းသိမ်းထားလိုစိတ်ကြောင့်ပါ။ လူမှုရေးရာတွေနဲ့ ကိုယ်ကျင့်တရားတွေက မခံမရပ်နိုင်လောက်တဲ့ ဖိအားတွေအောက်မှာ ကွဲအက်လာတဲ့အချိန်တွေမှာတော့ လူတွေက သူတို့မွေးဖွားလာခဲ့တဲ့ ကမ္ဘာ ကို ပြန်လည်မေးခွန်းထုတ်လာကြပါတယ်။ သူတို့ရဲ့ယုံကြည်မှုနဲ့ ယူဆထားချက်တွေကို ပြန်လည်ဆန်းစစ်လာကြပါတယ်။ဥရောပဟာ မြေရှင်စနစ်အောက်မှာ ကာလကြာရှည်စွာ အေးခဲနေခဲ့ပါတယ်။ အရင်းရှင်စနစ်စတင်ပေါက်ဖွားလာချိန်မှာတော့ ယဉ်ကျေးမှုတွေနဲ့ စိတ်ဓာတ်တွေပြန်လည်နိုးကြားလာခဲ့ပါတယ်။ သမိုင်းကြောင်းအရ တိုးတက်မှုဆီဦးတည်နေခဲ့တုန်းကတော့ ဘူဇွာလူတန်းစားဟာ ကုန်ထုတ်လုပ်မှု စွမ်းအားတွေကိုတိုးတက်စေခဲ့ပြီး သဘာဝအပေါ် လူသားတွေရဲ့ လွှမ်းမိုးမှုစွမ်းအားကို တိုးပွားစေခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာ ၊ ဗဟု သုတ နဲ့ ယဉ်ကျေးမှု အဝိုင်းအဝန်းကို ချဲ့ထွင်ပေးခဲ့ပါတယ်။ လူသာ၊ မိုက်ကယ်အန်ဂျလို၊ လီယိုနာဒို၊ ဒူဟာ၊ ဘေကွန်၊ ကတ်ပလာ၊ ဂယ်လီလီယို နဲ့ အခြားပညာရှင်တွေဟာ ပြောင်းလဲနိုးကြားလာတဲ့ခေတ်ကြီးကနေ ဖွင့် လှစ်ပေးလိုက်တဲ့ လူသားယဉ်ကျေးမှု နဲ့ သိပ္ပံပညာ ဖွံဖြိုးခြင်း လမ်းမကျယ်ကြီးကို အလင်းရောင်ပေးခဲ့တဲ့ ကြယ်တာရာတွေပါပဲ။ ဒါပေမဲ့လည်း ဒီလို တော်လှန်ရေးကာလတွေဟာ အလိုအလျောက် လွယ်ကူစွာ ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ တိုးတက်မှုရဲ့ ဈေးနှုန်းက ပဋိပက္ခတွေပါ။ အသစ်ကအဟောင်း၊ ရှင်သန်ခြင်းက သေဆုံးခြင်း၊ အနာဂတ်ကအတိတ်ကို တွန်းလှန်ခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။အီတလီ၊ ဟော်လန် နဲ့ အင်္ဂလန် နောက်တော့ပြင်သစ်တို့မှာ ဖြစ်ထွန်းလာတဲ့ ဘူဇွာတွေဟာ ယဉ်ကျေးမှု၊ အနုပညာနဲ့ သိပ္ပံပညာတွေအပေါ် အံ့အားသင့်စရာကောင်းတဲ့ တိုးတက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ၁၇ နဲ့ ၁၈ ရာစုတွေမှာ ဘူဇွာတော်လှန်ရေး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် နည်းပညာနဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားတွေ တိုးတက်လာမှုနဲ့အတူ သိပ္ပံ ပညာနဲ့ အတွေးအခေါ်တွေလဲ အပြိုင်တိုးတက်ခဲ့ပြီး ခရစ်ယာန်ကျောင်းတော်ရဲ့ အတွေးအခေါ်ပိုင်းအရလွှမ်းမိုးနေမှုကို ဖြိုချနိုင်ခဲ့တာတွေ့ရမှာပါ။ပြင်သစ်ကဘူဇွာတော်လှန်ရေးမှာ ဘူဇွာတွေက ကျိုးကြောင်းဆင်ခြင်မှု ကိုကြွေးကြော်ခဲ့ပါတယ်။ သူတို့ဟာ ဘတ်စတဲလ် ရဲ့ နံရံတွေကို မဖြိုခင်မှာ လူတွေရဲ့စိတ်ထဲစွဲဝင်နေတဲ့ ဘာသာရေးအယူအစွဲတွေကို အရင်ဖြို ချခဲ့ပါတယ်။ တော်လှန်ရေး ဘူဇွာတွေက ပြောင်းလဲမှုကိုလိုလားတဲ့ ဘာသာမဲ့တွေပါ။ သူတို့အာဏာရလာချိန်၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ ရှိလာချိန်ကျမှသာ တော်လှန်ရေး အင်အားစုအသစ်တွေနဲ့ထိပ်တိုက်တွေ့ပြီး ဘူဇွာတော်လှန်ရေး အတွေးအခေါ်တွေကိုလွှင့်ပစ်လိုက်ကြတာပါ။မကြာသေးခင်က ပြင်သစ်တွေဟာ သူတို့ရဲ့ခမ်းနားကြီးကျယ်တဲ့ တော်လှန်ရေးကြီးရဲ့ အနှစ် ၂၀၀ ပြည့်အခမ်း အနားကို ပြုလုပ်ခဲ့ကြပါတယ်။ ရာစုနှစ်နှစ်ခုလောက်အကြာက တော်လှန်ရေးရဲ့ အမှတ်တရတွေဟာ အုပ်စိုးသူတွေကိုစိတ်မသက်မသာဖြစ်စေပါတယ်။ ပြင်သစ်အုပ်စိုးသူတွေရဲ့ တော်လှန်ရေးအပေါ်သဘောထား ဟာ ငယ်ရွယ်စဉ်ကအပြစ်တွေကို သင်ပုန်းချေ ပြီး နောက်ထပ်မဆောင်ရွက်ချင်တော့တဲ့ သဘောဖြစ်နေပါတယ်။ အရင်အချိန်တွေက အခွင့်ထူးခံလူတန်းစားလိုပဲ အရင်းရှင်လူတန်းစားဟာ သူတို့ရဲ့ ဖြစ်တည်မှုကို တရားမျှတကြောင်း ကိုယ့်ကိုယ်ကိုရော လူ့အဖွဲ့အစည်း တခုလုံးကိုပါ လိမ်ညာပြောဆိုဖို့ကြိုးစားနေပါတယ်။သူတို့က ဖြစ်တည်ဆဲ လူနေမှုစနစ်နဲ့ လူမှုရေးအရဆက်နွယ်မှုတွေကို တရားထူထောင်ပေးမယ့် အတွေးအခေါ်တွေကို ရှာဖွေရာမှာ မိခင်ခရစ်ယာန်ကျောင်းတော်ရဲ့ တရားတွေကို မျက်စိကျသွားပါတယ်။ အထူးသဖြင့် ပဲရစ်ကွန်မြူးးအပြီးမှာပါ။ ဆေကာကိုအာ ကျောင်းတော်ဟာ ဘူဇွာတွေရဲ့ တော်လှန်ရေး ကြောက်ရွံ့နေမှုရဲ့ ပြယုဂ်ပါပဲ။မာ့က်စ် (၁၈၁၈-၈၃) နဲ့ အန်ဂယ် (၁၈၂၀-၉၅) တို့က လူသားတိုးတက်မှုဖြစ်စဉ်ကို မောင်းနှင်ပေးတဲ့ အခြေ ခံအားတွေဟာ ကုန်ထုတ်လုပ်မှု စွမ်းအားတွေဖြစ်တဲ့ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး ၊ သိပ္ပံ နဲ့ နည်းပညာတွေရဲ့ တိုးတက်မှုတွေဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါဟာ သီအိုရီအရ အရေးပါတဲ့ သုံးသပ်ချက်တခုဖြစ်ပါတယ်။ လူသားသမိုင်းကိုနားလည်ဖို့ရာ ဒီလိုအခြေခံသုံးသပ်ချက်လိုအပ်ပါတယ်။ ဒါပေမဲ့လည်း မာ့က်စ်ဝါဒကို အပုပ်ချလိုသူ တွေပြောသလို မာ့က်စ်က အရာရာတိုင်းကို စီးပွားရေးအပေါ်ပဲပုံချပစ်တာမဟုတ်ပါဘူး။ ဒိုင်ယာလက်တစ်နဲ့ သမိုင်းရုပ်ဝါဒဟာ ဘာသာရေး၊ အနုပညာ၊ သိပ္ပံပညာ ၊ ကိုယ်ကျင့်စံနှုန်း၊ ဥပဒေ၊ နိုင်ငံရေး၊ ထုံးတမ်းဓလေ့၊ အမျိုးးသားရေးစရိုက်လက္ခဏာတွေနဲ့ အခြား လူ့အသိစိတ်ကဖြစ်ပေါ်လာတဲ့ အရာတွေကိုထည့်သွင်းစဉ်း စားပါတယ်။ ဒါတင်မကပါဘူး။ ဒီလိုအချက်တွေရဲ့ သရုပ်မှန်တွေနဲ့ သူတို့က လူမှုအဖွဲ့အစည်းတိုးတက်မှုနဲ့ ဘယ်လိုဘယ်ပုံဆက်စပ်တယ်ဆိုတာပါ ပြသပေးခဲ့ပါတယ်။ လူမှုစီးပွားရေးစနစ်တခုက ရုပ်ဝတ္ထုပစ္စည်းတွေကို ဆက်လက်ထုတ်လုပ် တိုးပွားစေနိုင်မှုက လူမှုအဖွဲ့အစည်းရဲ့တိုးတက်မှုကိုဖြစ်ပေါ်စေပါတယ်။ ဒီအကြောင်းအရာကို အန်ဂယ်က ခုလိုရှင်းပြထားပါတယ်။"သမိုင်းရုပ်ဝါဒအရကြည့်မယ်ဆိုရင် ဘဝကို (ပံပိုးပေးတဲ့ ထုတ်ကုန်တွေ) ထုတ်လုပ်နိုင်မှုနဲ့ ပြန့်ပွားနိုင်မှုက အဓိကအချက်ပါပဲ။ ဒါကြောင့်လူတယောက်က စီးပွားရေးကသာအဓိကအချက်လို့ပြောမယ်ဆိုရင် သူက ဒီပညာ ရပ်အတွေးအခေါ်ကို အဓိပ္ပါယ်မရှိတဲ့စကားစုတခုအဖြစ်ပုံပြောင်းပစ်တာပါပဲ။ စီးပွားရေးအခြေအနေက အခြေခံ တရားဖြစ်ပါတယ်။ ဒါပေမဲ့ အပေါ်ကလူမှုအဆောက်အအုံဖြစ်တဲ့ လူတန်းစား ပဋိပက္ခ ရဲ့နိုင်ငံရေးပုံစံနဲ့ ရလဒ်တွေ တနည်းဆိုရရင် လူတန်းစားတိုက်ပွဲမှာ အနိုင်ရသွားတဲ့ သူတွေက ချမှတ်လိုက်တဲ့ အခြေခံဥပဒေစတဲ့အရာတွေ၊ တရားစီရင်ရေးပုံစံတွေ၊ ပဋိပက္ခထဲပါဝင်ကြတဲ့ လူတွေရဲ့ ဦးနှောက်ကနေ ဒီပဋိပက္ခအပေါ် တုံ့ပြန်တဲ့အမြင်တွေ၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အတွေးအခေါ်ဒသနသီအိုရီတွေ၊ ဘာသာရေးအမြင်တွေနဲ့ ဒါတွေကနေဖြစ်တည်လာတဲ့ လူမှုရေးယုံကြည်ချက်တွေ ကလည်းပဲ သမိုင်းဆိုင်ရာ ပဋိပက္ခ တွေအပေါ် သက်ရောက်နေပြီး များသောအားဖြင့် ဒီပဋိပက္ခတွေရဲ့ပုံစံကိုဆုံးဖြတ်ပေးပါတယ်။" ယေဘုယျ အားဖြင့် လူသားအသိစိတ်ဟာ ကုန်ထုတ်လုပ်မှု စွမ်းအားတွေတိုးတက်လာမှုရဲ့နောက်မှာ ပြတ်ကျန်နေခဲ့တယ်ဆိုတဲ့ သမိုင်းရုပ်ဝါဒီရဲ့အဆိုဟာ အချို့လူတွေအတွက် လက်မခံချင်စရာပါပဲ။ ဒါပေမဲ့ သိပ္ပံပညာ ရဲ့အောင်မြင်မှုတွေအမြင့်ဆုံးအထိရောက်နေတဲ့ အမေရိကန်မှာတောင် ဒီအချက်ကို နည်းအမျိုးမျိုးနဲ့ တွေ့ရှိနိုင်ပါတယ်။ နည်းပညာတိုးတက်လာမှုဟာ လူသားတွေရဲ့ ဘဝအခြေအနေကို မျှတတဲ့ လူမှုစီးပွားရေးစနစ်တခုသုံးပြီး အမှန်တကယ် မြှင့်တင်နိုင်ဖို့ရာ အကြို အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုစနစ်မျိုးမှာဆိုရင် လူသားတွေဟာ သူတို့ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်ကို ကိုယ်ပိုင်အသိစိတ်နဲ့ ပုံဖော်နိုင်မှာပါ။ ဒါပေမဲ့လည်း သိပ္ပံ နဲ့ နည်းပ ညာရဲ့ လျင်မြန်တဲ့ တိုးတက်မှုတွေနောက်မှာ လူသားတွေရဲ့အတွေးအခေါ်က အံ့သြစရာကောင်းအောင် နောက်ကျကျန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ လူဆယ်ယောက်မှာ ကိုးယောက်က သဘာဝလွန်သက်ရှိတစုံတရာ (ဥပမာ- ဘုရားသခင်) တည်ရှိနေမှုကို ယုံကြည်ကြပြီး ဆယ်ယောက်မှာ ခုနစ်ယောက်က သေဆုံးပြီးနောက်မှာ ဘဝရှိသေးကြောင်း ယုံကြည်ပါတယ်။ ကမ္ဘာ ကို အာကာသယာဉ် နဲ့ပတ်ရာမှာ အောင်မြင်ခဲ့တဲ့ ပထမဆုံးအမေရိကန် အာကာသ ယာဉ်မှူးက ကမ္ဘာပေါ်က လူတွေကို စကားတခွန်းပြောဖို့တောင်းဆိုခံခဲ့ရပါတယ်။ သူက ကမ္ဘာ့စာပေရပ်ဝန်းတခု လုံးထဲကမှ ဂျန်နက်စစ် (genesis) စာအုပ်ထဲက ပထမဆုံးစာကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ "မူလအစမှာတော့ ဘုရားသခင်က ကောင်းကင်ဘုံနဲ့ ကမ္ဘာကိုဖန်ဆင်းခဲ့တယ်" ဆိုတဲ့စကားပါ။ အတိုးတက်ဆုံး ခေတ်အမီဆုံးနည်း ပညာတွေရဲ့ထုတ်ကုန်ဖြစ်တဲ့ အာကာသယာဉ် ပေါ်မှာထိုင်နေတဲ့ ဒီလူသားဟာ ဟိုးလွန်ခဲ့တဲ့ ရှေးဦးအတိတ်ဆီက အတွေးတွေကို သူ့ခေါင်းထဲ သယ်ဆောင်ထားတုန်းဖြစ်နေပါတယ်။၁၉၂၅ မှာ ဂျွန်စကုပ်လို့ခေါ်တဲ့ ဆရာတယောက်ဟာ အီဗလူးရှင်းသီအိုရီကိုသင်ကြားခဲ့တာကြောင့် တန်နက်စီပြည်နယ်ရဲ့ ဥပဒေကို ဆန့်ကျင်ကြောင်း အပြစ်ချခံခဲ့ရပါတယ်။ ဒီတရားစီရင်မှု ဟာ အီဗလူးရှင်းဆန့်ကျင်ရေး ဥပဒေတွေကိုခိုင်မာစေခဲ့ပါတယ်။ ၁၉၆၈ မှာတော့ အမေရိကန်တရားရုံးချုပ်က ဖန်ဆင်းရှင်သီအိုရီတွေကို ကျောင်းမှာသင်ကြားတာဟာ ကျောင်းတွေမှာဘာသာရေးမသင်ကြားရဆိုတဲ့ ဖွဲ့စည်းပုံပါအချက်ကို ချိုးဖောက်ကြောင်းကြေညာခဲ့ရပါတယ်။ ဒီအချိန်ကစပြီး ဖန်ဆင်းရှင်ဝါဒီတွေက သူတို့ရဲ့ နည်းဗျူဟာတွေကို ပြောင်းလဲ လိုက်ကြပါတယ်။ ဖန်ဆင်းရှင်ဝါဒကို သိပ္ပံပညာအဖြစ် ပြောင်းလဲဖို့ ကြိုးစားလာကြပါတယ်။ သူတို့ကို လူထုအ များစုကသာမကဘဲ သိပ္ပံပညာရှင်တွေကပါထောက်ခံခဲ့ကြပါတယ်။၁၉၈၁ မှာ အမေရိကန်သိပ္ပံပညာရှင်တွေက ကတ်ပလာရဲ့ ဂြိုဟ်များရွေ့လျားခြင်း ဆိုင်ရာဥပဒေသတွေကို သုံးပြီး စေတန်ဂြိုဟ်ကို လေ့လာဖို့ အာကာသယာဉ် တစ်စင်းလွှတ်တင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဖန်ဆင်းရှင်သိပ္ပံ လို့ခေါ်တဲ့ ပညာရပ်ကို အီဗလူးရှင်သီအိုရီနဲ့ ညီတူတန်းတူ သင်ကြားရေး ကိုဖော်ဆောင်ထားတဲ့ အာကန်းဆတ်ပြည်နယ် ကဥပဒေတခုကို အမေရိကန်တရားသူကြီးတယောက်က ဖွဲ့စည်းပုံနဲ့မညီကြောင်း ကြေညာခဲ့ရပါသေး တယ်။ ဖန်ဆင်းရှင်ဝါဒီတွေရဲ့ တောင်းဆိုမှုတွေထဲက တခုကတော့ နိုအာရဲ့ ရေလွှမ်းမိုးမှာကို ကမ္ဘာ့မြေမျက်နှာပြင်ဆိုင်ရာ ပြောင်းလဲမှု အချက်တခုအဖြစ်အသိအမှတ်ပြု ပေးဖို့ပါပဲ။ ဒီ တရားခွင်မှာဆိုရင် သက်သေတွေထဲ မှာ စေတန်ကိုယုံကြည်သူတွေပါပါတယ်။ သက်ရှိတွေဟာ ဥက္ကာပျံတွေကနေတဆင့် ကမ္ဘာ မြေပေါ်ကျရောက်လာတယ်လို့ယူဆထားပြီး မျိုးစိတ်ကွဲပြားမှုတွေကို ဥက္ကာပျံ မတူညီမှုနဲ့ရှင်းပြဖို့ကြိုးစားကြပါတယ်။ ဝေးလ် တက္ကသိုလ် က မစ်စတာ အန်-ကေ- ဝီကာမာစစ်ကဆိုရင် အင်းဆက်တွေက လူတွေထက်ပိုပြီးဥာဏ်ရည်မြင့်နိုင်ပေမဲ့ သူတို့ရဲ့ ဘဝက ကောင်းမွန်ပြည့်စုံနေလို့ အဲ့ဒီလိုဖြစ်မလာတာလို့တောင်ပြောခဲ့ပါတယ်။အမေရိကန်နိုင်ငံက ဘာသာရေးလော်ဘီလုပ်သူတွေဟာ ထောက်ခံမှု အများအပြားရရှိပြီး အကန့်အသတ်မဲ့ ရန်ပုံငွေတွေ နဲ့ လွှတ်တော်အမတ်တွေရဲ့ ကျောထောက်နောက်ခံပေးမှုတွေ ရရှိထားပါတယ်။ ရေဒီယို အသံလွှင့်ရုံတွေကနေ ဘာသာရေးဆိုင်ရာတွေ လွှင့်ပေးပြီး အကျိုးအမြတ်အမြောက်အများရရှိကြပါတယ်။ ကမ္ဘာ မှာ နည်းပညာအရ တိုးတက်မှုအရှိဆုံး နိုင်ငံကြီးမှာ နေထိုင်ကြတဲ့ ပညာတတ် မိန်းမနဲ့ ယောက်ျားတွေ (သိပ္ပံပညာ ရှင်တွေအပါအဝင်) ဟာ '၂၀ ရာစုကုန်ခါနီးအချိန်မှာတောင်'လွန်ခဲ့တဲ့ နှစ် ခြောက်ထောင်က စကြ၀ဠာ ကို ၆ ရက်အတွင်းဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဂျန်နက်ဆစ် (genesis) စာအုပ်ထဲကအဆိုကို ထောက်ခံဖို့အဆင်သင့်ရှိနေတာ ဟာ ဒိုင်ယာလက်တစ် ပညာရပ် မှန်ကန်ကြောင်းသက်သေပြနေတဲ့ အမြင်သာဆုံးဥပမာပါပဲ။Ted grant နဲ့ alan woods တို့ရဲ့ reason in revolt ထဲက အပိုင်းတစ်ကို ဘာသာ ပြန်ဆိုနေတာပါ။ ဆက်လက်ပြန်ဆိုသွားပါဦးမယ်။Reason in revolt ကိုအပြည့်အစုံဖတ်ချင်ရင်တော့ gen.lib.rus.ec မှာရှာဖွေ ဒေါင်းလုက်ဆွဲ နိုင်ပါတယ်။ မာ့က်စ်ဝါဒကိုစိတ်ဝင်စားလို့လေ့လာချင်ရင်တော့ www.marxist.com မှာသွားရောက်ဖတ်ရှူ နိုင်ပါတယ်။လင်းကို