"မဟတ္တမ၏နောက်ကွယ် (ဒုတိယအပိုင်း)" ဂန်ဒီနှင့်အလုပ်သမားလူတန်းစား Burmese Share TweetPart one of a Burmese translation of "Gandhi: the Myths Behind the Mahatma", by Ravi Mistry. [Source]အင်ဒိယအလုပ်သမားလူတန်းစားဟာ လူနည်းစုဖြစ်ပေမယ့် အင်ဒိယကိုလိုနီ မှာ အကြီးမားဆုံး လူမှုရေးနဲ့ နိုင်ငံရေး အင်အားဖြစ်ပါတယ်။ သူတို့ရဲ့အခွင့်အရေးတွေကို တောင်းဆိုကြရာမှာ စည်းလုံးကြတယ်။ ၁၉၄၆ တော်ဝင်ရေတပ်သူပုန်ထမှု မှာဆိုရင် သူတို့ရဲ အင်အားကို အထင်အရှားတွေ့မြင်နိုင်တယ်။အလုပ်သမားထုအပေါ် ဂန်ဒီရဲ့အမြင်ဟာ နှိမ့်ချအထင်သေးမှု နဲ့ အပြစ်တင်ရှုတ်ချမှု တို့နဲ့ ပြည့်နေခဲ့ပါတယ်။ အမီဒါဘတ်က ချည်ထည်စက်ရုံအလုပ်သမားတွေက သူတို့ရဲ့လစာ ၂၀ရာခိုင်နှုန်းအဖြတ်ခံရတဲ့အတွက်ဆန္ဒပြခဲ့ကြတယ်။ ဒီမှာ ဂန်ဒီက 'အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး ဟာ မိဘနဲ့ သားသမီးသဖွယ်ဖြစ်ရမယ်' လို့ အလုပ်သမားတွေကို အကြံပေးတယ်။ ဒါဘာကြောင့်လဲဆိုရင် ဂန်ဒီကိုယ်တိုင်က ဘူဇွာ ကိုယ်စားပြု တယောက်ဖြစ်နေလို့ပါပဲ။၁၉၁၈ မှာတုန်းကတော့ ဂန်ဒီဟာ အမီဒါဘတ် ဂျုံစက်ရုံက အလုပ်သမားတွေရဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တယ်။ ဒါကလည်း ကိုလိုနီအရာရှိတယောက်က သူ့ကို ကြားဝင်စေ့စပ်ပေးဖို့တောင်းဆိုခဲ့လို့ပါ။ အလုပ်သမားတွေဟာ ဒေါသထွက်ပြီး ဆူပူအုံကြွနေပါတယ်။ ဒီအခြေအနေကို ဝင်ထိန်းဖို့ ဂန်ဒီ့ကို တာဝန်ပေးခြင်းပါပဲ။ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းတဲ့အခါ အလုပ်သမားတွေဖက်က ကိုယ်စားပြုတယောက်တလေတောင်မပါဝင်ခဲ့ပါဘူး။ စက်ရုံလုပ်ငန်းရှင်များသမဂ္ဂရဲ့ ဥက္ကဌ ဖြစ်သူ အမ်ဘလဲ ဆာရာဘိုင် ဟာ ဂန်ဒီရဲ့ ဆာဘာမတီ အက်ရှ် ရမ်ကို သူ့ရဲ့ ရက်ရောတဲ့ ရန်ပုံငွေတွေနဲ့ ကူညီထားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂန်ဒီဟာ နှစ်ဖက်ချွန်စိတ်ဓာတ်နဲ့ အလုပ်သမားလှုပ်ရှားမှုကို ဖျက်လိုဖျက်စီးလုပ်ခဲ့ပါတယ်။အလုပ်သမားတွေက လစာ ၅၀ ရာခိုင်နှုန်း အထိတိုးပေးစေချင်တယ်။ ဂန်ဒီက ၃၅ ရာခိုင်နှုန်းပဲတိုးပေးဖို့ လျှော့ချတောင်းဆိုလိုက်တယ်။ 'အလုပ်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို မလုယူကြနဲ့ ၊ ခိုးမယူကြနဲ့၊ မဖျက်စီးကြနဲ့၊ သူတို့ကို တိုက်ခိုက်တာတွေမလုပ်နဲ့' လို့ ဂန်ဒီက အလုပ်သမားတွေကိုပြောဟောတယ်။ဆန္ဒပြမှုတွေဖြစ်ပွားနေချိန်မှာ ဂန်ဒီက အန်ဘလဲ ရဲ့ကားကိုစီးတယ်။ အန်ဘလဲ ကဂန်ဒီရဲ့ အက်ရှ်ရမ်း ကိုလာလည်တယ်။ ဒီလုပ်ရပ်တွေကြောင့် ဂန်ဒီ့ကို အလုပ်သမားထုကမကျေမနပ်ဖြစ်လာတယ်။ ဒီမှာပဲ ဂန်ဒီဟာ လုပ်ငန်းရှင်တွေနဲ့သဘောတူညီမှုကို အမြန်ရယူပြီး ၃၅ ရာခိုင်နှုန်းနဲ့ပဲ ပြေလည်သွားကြတယ်။ အလုပ်သမားထုရဲ့ အင်အားနဲ့ စည်းလုံးမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး ရောင်နီဟာ ဂန်ဒီရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရပါတော့တယ်။၁၉၄၆ ဖေဖော်ဝါရီ မှာတော့ တော်ဝင်ရေတပ်သူပုန်ထမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီ သူပုန်မှာဆိုရင် တတိုင်းပြည်လုံးက ရေတပ်တွေ၊ ပင်လယ်မှာရှိတဲ့ သဘောင်္တွေ နဲ့ သဘောင်္သား အယောက် ၂သောင်းကျော်ဟာ အစိုးရကိုဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ အလံနီ ကိုလွှင့်ထူခဲ့ကြတယ်။ ကွန်ဂရက် ဆိုရှယ်လစ်ခေါင်းဆောင်တွေ ကျောထောက်နောက်ခံပေးထားတဲ့ အင်ဒိယ ကွန်မြူနစ်ပါတီက ဘုံဘေမှာရှိတဲ့ အလုပ်သမား သုံးသောင်းခန့်ကို သူတို့ရဲ့ လုပ်ငန်းခွင်မှာ သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့တယ်။ ဒီတော်လှန်ရေး ရောင်နီသန်းလာမှုနဲ့ ဆင်းရဲသားလူတန်းစားရဲ့ ညီညွတ်မှုဟာ အင်ဒိယဘူဇွာတွေကို ထိတ်လန့်စေခဲ့တယ်။ ဟိန္ဒူ ကွန်ဂရက်ပါတီနဲ့ မူစလင် အင်အားစုတွေဟာ ဒီညီညွတ်မှုတွေကို ချေဖျက်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ ဂန်ဒီဟာ ဒီအုံကြွလာမှုကို အပြစ်တင်ခဲ့ပြီး 'အကြမ်းဖက်မှုအတွက် ဟိန္ဒူ နဲ့ မူစလင်တွေ ပြီးတော့ အခြားသူတွေ ပူးပေါင်းဆောင်ရွက်ကြခြင်းဟာ ယုတ်ညံ့လှတယ်' လို့ပြောကြားခဲ့ပါတယ်။ဂန်ဒီနှင့် လယ်သမားထု ~~~~~~~~~~ကိုလိုနီအင်ဒိယရဲ့ ၉၀ ရာခိုင်နှုန်းသော လူဦးရေဟာတောရွာတွေမှာ နေထိုင်ကြပြီး အများစုဟာ လယ်သမားတွေဖြစ်လာကြ တယ်။ ဗြိတိန်အုပ်ချုပ်မှုဟာ မြေယာခွန်တွေအပေါ်အခြေခံထားပြီး အင်ဒိယ လယ်သမားထုကို တော်လှန်ရေး အင်အားတွေဖြစ်စေတယ်။ ဘူဇွာ အမျိုးသားရေးသမားတွေက လယ်သမားထု အုံကြွလာတာကို အလုပ်သမားတွေ ဆူပူတာထက်စာရင် ပိုမို သဘောကျတဲ့ အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားတွေဟာ ဘူဇွာစီးပွားရေးကို တိုက်ရိုက်မထိခိုက်စေလို့ပါပဲ။ မြေယာခွန်အခတွေ နဲ့ မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေဟာ အမျိုးသားရေး လှုပ်ရှားမှုတွေ မတိုင်ခင်ကတည်းက သမိုင်းကြီးကြီးမားမားရှိပြီးသား အမြစ်တွယ်ပြီးသားဖြစ်တယ်။ ဒီလှုပ်ရှားမှုတွေဟာ ဂန်ဒီလိုလူတွေအတွက် ခက်ခက်ခဲခဲဆုံးဖြတ်ရတဲ့ မေးခွန်းထုတ်စရာကိစ္စတွေဖြစ်ပါတယ်။ သူတို့ယုံကြည်ထားတဲ့ လူတန်းစား ဆက်နွှယ်မှုတွေကို ဒီလှုပ်ရှားမှုတွေက ထိခိုက်စေလို့ပဲဖြစ်တယ်။မပူးပေါင်းရေးလှုပ်ရှားမှု ကာလအတွင်းမှာပဲ အူတာပရာတက်ရှ် မှာ ပြုလုပ်တဲ့ ကန်ပိန်းတခုမှာ ကွန်ဂရက်က ဦးဆောင်ခဲ့တယ်။ ကွန်ဂရက်ခေါင်းဆောင် ဘူဇွာတွေက မြေရှင်ယာရှင်တွေနဲ့ လယ်သမားတွေကို အစိုးရထံ အခွန်မပေးဖို့ ပြောကြားခဲ့တယ်။ အလုပ်သမားထုကတော့ လယ်သမားတွေဟာ မြေရှင်တွေကို မြေငှါးခ ပေးစရာမလိုကြောင်း ပြောဆိုလာတယ်။ ကွန်ဂရက်ခေါင်းဆောင်တွေက လူတန်းစားကွဲပြားနေမှုကို ဆက်လက်ထိန်းသိမ်းလိုတာဖြစ်လို့ ဒီအဆိုဟာ သူတို့အတွက် ဆန့်ကျင်ဖက်ဆန်လွန်း ခဲ့ပါတယ်။ ကြောင်သူတော် ဂန်ဒီ ဟာ ၁၉၂၁ မှာဆိုရင် လယ်သမားအင်အားစုတွေ မြေရှင်တွေကို သပိတ်မမှောက်ကြဖို့၊ အကြမ်း မဖက်ကြဖို့ တားမြစ်ခဲ့ပါတော့တယ်။၁၉၂၈ ဘာဒိုလီ စကြဂရဟ မှာဆိုရင်လည်း ဂန်ဒီဟာ အလုပ်သမားထုရဲ့ လက်နက်ကို ဖြုတ်သိမ်းခဲ့တာပါပဲ။ တော်လှန်ရေး စတင်ဖို့ စိတ်ပြင်းပြနေတဲ့ အလုပ်သမားတွေဟာ ဂန်ဒီရဲ့ ဦးဆောင်မှုကို တောင်းဆိုကြတယ်။ ဂန်ဒီနဲ့ နောက်လိုက်တွေက အစိုးရနဲ့ လျို့ဝှက်သဘောတူညီမှုရယူပြီး ဘုံဘေစီးပွားရေးသမားတယောက်ကို အခွန်တွေပေးလျော်စေခဲ့တယ်။တော်လှန်လိုစိတ်ပြင်းပြနေတဲ့ လယ်သမားတွေဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး ဂန်ဒီတို့ရဲ့ သရုပ်မှန်ကိုလည်း မြင်လာကြပါတယ်။ ဂန်ဒီရဲ့ မဟာမိတ်တယောက်ဖြစ်တဲ့ ပေတဲလ်က နိုင်ငံတဝှမ်းလုံး ပူးပေါင်းပြီး အခွန်မပေးရေးလှုပ်ရှားမှုလုပ်မယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ဂန်ဒီက ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လယ်သမားတွေ ဟာ ကွန်ဂရက်ရဲ့ ဦးဆောင်မှုကို စိတ်ပျက်လာကြပါတော့တယ်။ လှုပ်ရှားမှုတွေလည်း အရှိန်တန့်သွားခဲ့ရတယ်။၁၉၃၆ မှာ အင်ဒိယနိုင်ငံလုံးဆိုင်ရာ လယ်သမားများသမဂ္ဂ ပေါ်ပေါက်လာတယ်။ ဒီသမဂ္ဂဟာ အင်ဒိယ ကွန်မြူ နစ်ပါတီရဲ့ လယ်သမားအင်အားစုဖြစ်လာတယ်။ ဂန်ဒီ နဲ့ ကွန်ဂရက် ပါတီဟာ မြေရှင်တွေဖက်ကသာရပ်တည်ပြီး လယ်သမားတွေရဲ့ အကျိုးအ တွက် တိုက်နေတာမဟုတ်မှန်း ပြည်သူကသိလာကြပါပြီ။အင်ဒိယ အလုပ်သမားတွေ လယ်သမားတွေရဲ့ ပူးပေါင်းလှုပ်ရှားမှု နဲ့ စည်းလုံးညီညွတ်မှုတွေဟာ တော်လှန်ရေး ပေါ်ထွန်းမယ့် အရိပ်အယောင်တွေပါပဲ။ ဒါပေမဲ့ သူတို့ကိုဦးဆောင်မယ့် ခေါင်းဆောင်ကောင်းမရှိတာကြောင့် အချည်းအနှီး ဖြစ်ခဲ့ရပါတယ်။ဂန်ဒီဟာ လူထုက စုပေါင်းတော်လှန်လာရင် သူထိန်းသိမ်းထားလိုတဲ့ လူတန်းစားဆက်နွယ်မှု လူတန်းစားခွဲခြားမှုတွေ ပျက်စီးသွားမယ်ဆိုတာ ကြိုသိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ လယ်သမားတွေ စုပေါင်းတော်လှန်ရေးကိစ္စကို အစဉ်အမြဲ ဆန့်ကျင်နေခဲ့တာပဲ ဖြစ်ပါတော့တယ်။ဂန်ဒီနှင့် ကွန်မြူနစ်ဇင် ===========ဂန်ဒီက သူ့ကိုယ်သူ ဆိုရှယ်လစ်တယောက်လို့ ခေါ်ဆိုခဲ့ပေမဲ့ သူ့ရဲ့ လုပ်ရပ်နဲ့ ယုံကြည်မှုတွေဟာ ခေတ်သစ် ဆိုရှယ်လစ်ဇင်ကို ဆန့်ကျင်နေပါတယ်။ ဟင်းဆွာရဂ်ျ မှာ သူဖော်ပြခဲ့တဲ့ အတွေးအခေါ်တွေဟာ ရှေးဟောင်းကွန်မြူနစ်ဇင်ကို ပြန်လည်အသက်သွင်းနေခဲ့ပြီး လက်တွေ့ လုပ်ရပ်တွေကတော့ အင်ဒီယန်ဘူဇွာ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။ ဒါ့အပြင် သူက အလုပ်သမားလူတန်း စားနဲ့ ကွန်မြူနစ်တွေကို ကြောက်ရွံ့ပါတယ်။ သူ့ရဲ့ ငြိမ်းချမ်းရေးဝါဒကို အသုံးချပြီး ကွန်မြူနစ်တွေနဲ့ အလုပ်သမားတွေကို အမြဲ ပြစ်တင်ရှုတ်ချလေ့ရှိပါတယ်။ ဂန်ဒီက ၁၉၁၇ ရုရှားတော်လှန်ရေးနဲ့ ဘော်ရှီဗစ်ပါတီရဲ့ ဝါဒကို ဥရောပ အရေးကိစ္စသက်သက်သာဖြစ်ပြီး ဘုရားတရားမဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ 'ငါသိလောက်ကတော့ ဒီဝါဒတွေက ဘုရားသခင်တည်ရှိနေမှုကို ငြင်းဆိုတယ်၊ အကြမ်း ဖက်လမ်းစဉ်တွေအသုံးပြုတယ်၊ ငါကတော့ မွန်မြတ် တဲ့အကြောင်းတရားကြောင့်ပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်ကိုတော့ဆန့်ကျင်ရမှာပဲ' လို့ ပြောကြားခဲ့တယ်။ သူဟာ ရက်စက်ပြီး အကြမ်းဖက်အားကြီးမားတဲ့စစ်ပွဲကြီးတွေကိုကျ ထောက်ခံအားပေးရုံမက စစ်သားတွေပါ ပို့ပေးခဲ့ပြန်တယ်။ သူ့ရဲ့ အပြောနဲ့ တကယ့်လုပ်ရပ်ဟာ ဖီလာကန့်လန့် ဖြစ်လွန်းခဲ့ပါတယ်။သူ့ကို ကိုယ်ပိုင်ပစ္စည်းဥစ္စာနဲ့ မြေရှင်တွေအကြောင်းမေးတဲ့အခါမှာ 'ငါကတော့ လူတန်းစားစစ်ပွဲကို ဆန့်ကျင်ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမှာပဲ။ မင်းသိထားရမှာက မင်းရဲ့ကိုယ်ပိုင်ဥစ္စာကို သူတပါးက မတရားလာရောက်သိမ်းပိုက်ရင် မင်းအနေနဲ့ မင်းဖက်ကငါ့ကို တိုက်ခိုက်ပေးဖို့ လိုလားလိမ့်မယ် ဆိုတာပဲ'။ တကယ်တမ်းတော့ သူက ဘူဇွာတွေ ၊ မြေရှင်တွေရဲ့ ကိုယ်ပိုင်ဥစ္စာကို သာကာကွယ်ပေးခဲ့သူပါပဲ။ တနည်းအားဖြင့် သူ့ရဲ့ လူတန်းစားကိုသာကာကွယ်ခဲ့သူပါ။ဂန်ဒီရဲ့ ကွန်မြူနစ်တွေ အပေါ် မနှစ်မြို့မှုက စကားလုံးတွေထက်ပိုပါတယ်။ ၁၉၃၁ မတ်လ မှာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ရပ်တန့်ပြီး ဒိုမီနီယွန်အရေးအတွက် စကားဝိုင်းတွေလုပ်ကြဖို့ ဂန်ဒီ - အာဝင် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစကားဝိုင်းတွေကြောင့် ထောင်ပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပန်ဂျပ် အင်ဒီယန်တော်လှန်ရေးသမားတွေ ဖြစ်တဲ့ ဘဂ္ဂဟက်ဆင်း၊ ဆုခ်ဒက်၊ ဥထ် ဟမ်ဆင်းနဲ့ ရှီဗာရမ် ရာဂ်ျဂုရု တို့ကတော့ ကွပ်မျက်ခံခဲ့ရပါတယ်။ ဒီကွပ်မျက်မှူတွေအပေါ် ဂန်ဒီက ပြစ်တင်ရှုတ်ချခဲ့ခြင်းမရှိခဲ့ပါဘူး။ ဂန်ဒီ ပန်ဂျပ်ကို ပြန်ရောက်လာချိန်မှာတော့ ဒီနိုင်ငံရေးသမားတွေအတွက် မရပ်တည်ပေးခဲ့တဲ့အတွက် သူ့ကို လူထုက ဝိုင်းဝန်း အပြစ်တင်ခဲ့ကြပါတယ်။ဂန်ဒီ ၊ အမျိုးသမီးများနှင့် လိင်မှုဆိုင်ရာ ======================ဂန်ဒီရဲ့ မိန်းမတွေအပေါ် အစောပိုင်းအမြင်တွေဟာ ရှေးရိုးစွဲအလွန်ဆန်ခဲ့ပါတယ်။ သူက ဇနီးဟာ ခင်ပွန်းအပေါ် အလိုလိုက်အကြိုက်ဆောင်ရမယ်လို့ ယူဆထားတယ်။ သူ့ရဲ့မိန်းမ ကတ်ဆာဘာနဲ့ ပက်သက်ပြီး ဂန်ဒီက 'ကျနော်က ခင်ပွန်းတယောက်ရဲ့ ရပိုင်ခွင့်ကို ရယူတဲ့နေရာမှာ အချိန်ယူစရာမလိုအပ်ပါဘူး' လို့ပြောခဲ့ပါတယ်။ တောင်အာဖရိကမှာ ရှိတဲ့ သူ့ရဲ့ တော်လ်စတွိုင်း အက်ရှရမ် မှာ သူ့ရဲ့ဖိုဝါဒနဲ့ သန့်စင်ရေးဝါဒ တွေကို ဂန်ဒီက ဆက်လက်ကျင့် သုံးခဲ့တယ်။ ကောင်ကလေးတွေကမိန်းကလေးနှစ်ယောက်ကို နောက်ပြောင်နေကြတာကို တွေ့ရတဲ့ ဂန်ဒီဟာစိတ်အနှောင့် အယှက်ဖြစ်သွားပြီး မိန်းကလေးတွေရဲ့ ဆံပင်တွေကို ဖြတ်ပစ်ခဲ့ပါတယ်။ သူတို့ရဲ့ သန့်စင်မှုကိုကာကွယ်ဖို့အပြစ်ပေးတဲ့အနေနဲ့ဖြစ်ပါတယ်။ ဂန်ဒီက ဘာသာခြားလက်ဆက်မှုတွေကိုဆန့်ကျင်သူလည်းဖြစ်တယ်။ သူ့ရဲ့သား ဖြစ်သူက မူစလင်မိန်းကလေးတယောက်နဲ့ လက်ထပ်မှာကို တားမြစ်ခဲ့ပြီး ဟိန္ဒူ မိန်းကလေးနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ဂန်ဒီဟာ နောက်ပိုင်းမှာတော့ ဒီအမြင်တွေကို နည်းနည်း ပြောင်းလဲလာပါတယ်။ သူက သူ့ရဲ့ ဇနီးအပေါ် ပြု မူခဲ့တာတွေကို နောင်တရခဲ့ပြီး အင်ဒီယ ဖိုဝါဒရဲ့ အဆိုးဆုံးတွေထဲကတခုဖြစ်တဲ့ ကလေးသူငယ်လက်ထပ်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။ အမျိုးသမီး ပညာရေးကိုလည်းအားပေးတာတွေလုပ်ခဲ့တယ်။ အမျိုးသမီးတွေ အင်ဒိယလွတ်လပ်ရေး လှုပ်ရှားမှုမှာ ပါဝင်လာတာကို ကြိုဆိုခဲ့တယ်။ ဒါပေမဲ့လည်း သူက ဖိုဝါဒအပေါ် ယုံကြည်နေဆဲဖြစ်ပြီး ယောက်ျားမိန်းမ လိင်နှစ်မျိုးဟာ မတူညီဘူးလို့လည်း ယူဆထားတုန်းပါ။ သူက 'မိန်းမတွေ တာဝန်ယူထားရတဲ့ မိခင်ဘဝဟာ ယောက်ျားတွေ ဆီမှာ မရှိတဲ့ (ရှိဖို့မလိုအပ်တဲ့) အရည်အသွေးတွေ လိုအပ်ပါတယ်။ သူမဟာ နူးညံ့ပျော့ပြောင်းပြီး သူကတော့ သန်မာတက်ကြွပါတယ်။ သူကတော့ အစားအစာရှာဖွေသူဖြစ်ပြီး သူမက ဒီအစားတွေကို ထိန်းသိမ်းသူ ဖြန့်ဝေသူ ဖြစ်ပါတယ်။ မျိုးနွယ်စုရဲ့ ကလေးငယ်လေးတွေကို ပြုစုပျိုးထောင် ရတာဟာ သူတို့ရဲ့ တခုတည်းသော အထူးရရှိထားသော အခွင့်အရေးပါပဲ။ သူတို့သာဒီလို ပျိုးထောင်မပေးရင် အမျိုးအနွယ်ပျက်သုဉ်းရပါလိမ့်မယ်'ဂန်ဒီဟာ အမျိုးအနွယ် သန့်စင်ရေး ကိုယုံကြည်သူဖြစ်တယ်။ သူက အမျိုးသမီးတွေကို နိုင်ငံ (လူမျိုးစု) ရဲ့ အမှတ်အသားအဖြစ် အခန်းကဏ္ဍပေးလိုက်တယ်။ ဒီလိုပြုလုပ်ခြင်းက နေ ယောက်ျားတွေဟာ နိုင်ငံတည်တံ့ရေး အမျိးအနွယ်တည်တံ့ရေးအတွက် မိန်း မတွေကိုထိန်းသိမ်းရမယ် စောင့်ရှောက်ရမယ်လို့ ဆိုလိုက်ခြင်းပါပဲ။ ဒီလိုခံယူချက်ဟာ ယခုအချိန်အထိရှင်သန်နေဆဲဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင် အမျိုးသမီးတွေက ကလေးမွေးပေးတယ် ၊ ပြုစုပျိုးထောင် ပေးတယ်၊ အင်ဒီယန်မျိုးနွယ်ကို ဆက်လက်တည်တံ့စေတယ်။ ယောက်ျားတွေကလည်း ဒီမိန်းမတွေကို အင်ဒီယန် အမျိုးသားတွေနဲ့ပဲ လက်ဆက်အောင် ၊ အင်ဒီယန်မျိုးနွယ်တည်တံ့အောင်ထိန်းသိမ်းရမယ်လို့ဆိုလိုခြင်းပဲ။ဂန်ဒီရဲ့ လိင်မှုဆိုင်ရာ အမြင်တွေကလည်း ထူးဆန်းပါတယ်။ သူက လိင်မှုကိစ္စဟာ မျိုးပွားမှုအပြင် အခြားဘာအတွက်မှမဖြစ်စေရဘူးလို့ယူဆတယ်။ ၁၉၀၆ မှာဂန်ဒီက သူ့ဇနီးကို တိုင်ပင်ခြင်းမပြုဘဲ လိင်ကင်းရှင်းရေးသစ္စာကျိန်ဆိုခဲ့ပါတယ်။ နောက်တော့ မူမမှန်တဲ့ စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ အဝတ်ဗလာအမျိုးသမီးငယ်တွေဘေးမှာအိပ်ပြီး သူ့ရဲ့ သမာဓိကို စမ်းသပ်ခဲ့တာ အပါအဝင်ပါပဲ။ ဂန်ဒီက သူ့လိုပဲ အဖြူ ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသမီးနောက်လိုက်တွေနဲ့ ဓာတ်ပုံတွဲရိုက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးတွေဟာ သက်မဲ့ပစ္စည်းအနေနဲ့သာ သဘောထားဆက်ဆံခြင်းခံခဲ့ရပါတယ်။ ဂန်ဒီရဲ့ ဖိုဝါဒနဲ့ မူမမှန်တဲ့ အပြုအမူတွေဟာ အင်ဒိယအမျိုးသမီးထုအတွက် တစုံတရာ လုပ်ပေးခဲ့တယ်ဆိုရင် အဲဒါက ဖိုကြီးစိုးရေး နောက်ပြန်ဆွဲ အယူတွေ ရိုက်သွင်း ခဲ့တာပါပဲ။ဂန်ဒီနှင့် ဇာတ်ခွဲခြားမှု ===========အထက်အောက် ဖိနှိပ်မှုစနစ်တခုဖြစ်တဲ့ 'ဇာတ်စနစ်ဟာ ဂန်ဒီရဲ့ သည်းခြေကြိုက်ပါပဲ။ "လူတွေဟာ လူမှုရေး သတ္တဝါဖြစ်လို့ လူမှု ဆက်ဆံရေး စနစ်တခုခုကို ပုံဖော်ထားရှိဖို့လိုတယ်၊ တို့အင်ဒိယမှာ 'ဇာတ်စနစ် ' ရှိပြီး သူတို့ဥရောပမှာ 'လူတန်းစားစနစ်' ရှိနေတယ်" လို့ ဂန်ဒီက ၁၉၂၀ မှာရေးသားခဲ့တယ်။ဂန်ဒီက ဇာတ်အလွှာတွေ အားလုံးကို တန်းတူညီတူ လေးစားမှုပြသင့်ကြောင်း လှုံ့ဆော်ခဲ့တယ်။ ဒါပေမဲ့လက်တွေ့မှာတော့ သူက အောက်ခြေဇာတ်နိမ့်တွေကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးဖို့ လုပ်ဆောင်ခဲ့တယ်။ သူက ဒီအုပ်စုတွေခံစားနေရတဲ့ ခွဲခြားခံရမှုတွေကို ကောင်းကောင်းနားလည်ပါတယ်။အင်ဒိယ လူ့အဖွဲ့အစည်းမှာ ဇာတ်အဆင့်ဆင့်ရှိနေပြီး အောက်ဆုံးမှာတော့ ဒါးလစ် တွေရှိပါတယ်။ တို့ထိလို့မရသူများ (untouchable) လို့လည်း ခေါ်ဆိုကြတယ်။ ဒီ အုပ်စုတွေထဲမှာ လူ့အဖွဲ့အစည်း ကဖယ်ကျဉ်ထားတဲ့ အရေပြားရောဂါသည်တွေလည်းပါဝင်ပါတယ်။ ၁၉၂၇ မှာ ဆိုရင် ဂန်ဒီက ဒါးလစ်တွေနဲ့ ဖွံဖြိုးမှုနောက်ကျနေတဲ့လူ့အဖွဲ့အစည်းတွေကို လေ့လာခဲ့တယ်။ သူတို့ရဲ့ ဖိနှိပ်ခံမှုတွေကို စာတမ်းပြုခဲ့တယ်။ အမျိုးသမီးတွေ ဟာ ဇာတ်မြင့်လူချမ်းသာတွေရဲ့ မုဒိန်းကျင့်စော်ကားမှုတွေ ခံနေရတယ်။ တရားဝင်အသိအမှတ်ပြု ခြင်းမခံရတဲ့ကလေးတွေမွေးဖွားလာတယ်။မြေရှင်တွေ ကျင့်သုံးတဲ့ ဟာလီစနစ်မှာဆိုရင် လယ်သမားတယောက်ဟာ လူချမ်းသာမြေရှင်ဆီက ပိုက်ဆံချေးငှားပြီးရင် မြေရှင်ရဲ့ လယ်မှာအလုပ်လုပ်ပေးရပါတယ်။ ရတဲ့လစာကအလွန်နည်းပါးတဲ့အတွက် သူကအကြွေးကိုဆပ်နိုင်စွမ်းမရှိတော့ပါဘူး။ ဒီလိုနဲ့ပဲ မြေရှင်ရဲ့လက်အောက်မှာပဲနေရင်းသေဆုံးရတယ်။ အကြွေးမကျေသေးတဲ့အတွက် လယ်သမား ရဲ့ သားစဉ်မြေးဆက် ဟာ မြေရှင်ရဲ့ လက်အောက်ခံအလုပ်သမားဘဝက ရုန်းထွက်နိုင်ခြင်းမရှိတော့ပါဘူး။ ဂန်ဒီက ဒီစနစ်တွေ ၊ ဖိနှိပ်မှုတွေ ပျောက်ဖို့ရာ မြေရှင်တွေက ၊ ဇာတ်မြင့်သူကြွယ်တွေက ဇာတ်နိမ့်သူတွေအပေါ် ညှာတာဖို့လိုအပ်ကြောင်းသာပြောကြားခဲ့ပါတယ်။လစ်ဘရယ် အမ်ဘတ်ကာ ဟာ ဒါးလစ်တွေရဲ့ခေါင်းဆောင်တယောက်ပါ။ သူက ဇာတ်နိမ့်သူတွေနဲ့ ဖွံဖြိုးမှုနောက်ကျတဲ့ အဖွဲ့အစည်းကလူတွေကို နိုင်ငံရေးအရ ကိုယ်စားပြမှုရရှိစေချင်ခဲ့တယ်။ သူက ဒီလူ့အဖွဲ့အစည်း တွေအတွက် သီးခြား ရွေးကောက်ပွဲတွေလုပ်ပေးစေချင်ခဲ့တယ်။ ဆိုလိုတာက ဒါးလစ်တွေ နဲ့ ဖွံဖြိုးမှုနောက်ကျတဲ့ အောက်ခြေအလွှာကလူတွေက သူတို့ရဲ့ခေါင်းဆောင်ကို ကိုယ်စားပြုသူကို သူတို့ကိုယ်တိုင်ရွေးချယ်ရေးပါပဲ။ ဒါကိုဂန်ဒီက လက်မခံခဲ့ပါဘူး။ သူက အစာငတ်ခံ ဆန္ဒပြပြီး ဒီအဆို ကိုဆန့်ကျင်ခဲ့တယ်။ နောက်ဆုံးတော့ အမ်ဘတ်ကာ အလျှော့ပေးလိုက်ရပြီး 'ပူးနာ သဘောတူညီမှု' ကိုလက်မှတ်ရေးထိုးခဲ့တယ်'။ ဒီ သဘောတူညီမှုအရ ဒါးလစ်တွေ အတွက် ပြည်နယ်လွှတ်တော်မှာ ခုံတွေချန်ထားပေးခဲ့တယ်။ ဒါပေမဲ့ သီးခြားရွေးကောက်ပွဲတော့ လုပ်လို့မရခဲ့ပါဘူး။ဂန်ဒီဟာ ဒါးလစ်တွေကို ဟာရီဂျန် ( ဘုရား၏ ကလေးငယ်များ) ၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့သူတွေကို ရာနီပါရဂ်ျ(သစ်တော၏လူများ) လို့အမည်ပြောင်းပေးပြီး သူတို့ကိုမြှင့်တင်ပေးသယောင်ပြုခဲ့တယ်။ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ပက်သက်ရင်တော့ ဂန်ဒီက တောင်း ဆိုသူကို ပြစ်တင်ရှုတ်ချတယ်၊ ဒီအခွင်အရေးတွေမရအောင်လည်း ဇာတ်မြင့်ဟိန္ဒူ တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ဂန်ဒီ နှင့် အင်ဒိယ ပါကစ္စတန်ကွဲထွက်ခြင်း ========================အင်ဒိယ ပါကစ္စတန် ကွဲထွက်မှုမှာ ဂန်ဒီတဦးတည်ကိုအပြစ်ပုံချလို့တော့မရပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ ဘာသာရေးအသုံးချတဲ့ နိုင်ငံရေးဟာ ကွဲထွက်မှု ဖြစ်စေတဲ့ ပဋိပက္ခ တွေကိုဖြစ်စေခဲ့ပါတယ်။ ဂန်ဒီရဲ့ ဘာသာရေးနွယ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုကို မပူးပေါင်းရေးလှုပ်ရှားမှု မှာမြင်တွေ့နိုင်ပါတယ်။ သူက ခါလီဖတ် ကိုအသုံးချပြီး မူစလင်တွေ အမျိုးသားရေးလှုပ်ရှားမှုမှာ ပါလာဖို့စည်း ရုံးခဲ့တာဖြစ်ပါတယ်။ အော်တိုမန် အင်ပါယာပြိုကွဲအပြီးမှာ အင်ပါယာသခင်ဖြစ်သူကို အစ္စလာမ် ခေါင်းဆောင် (Caliph ) အဖြစ်ဆက်လက်ထားရှိဖို့ တောင်းဆိုရာက ခါလီဖတ် လှုပ်ရှားမှု ဖြစ်လာခဲ့တာပါ။ ဒါဟာ အရှေ့အလယ်ပိုင်းပေါ်သက်ရောက်လာတဲ့ ဗြိတိန်အင်ပါယာရဲ့ အင်အားကို ကန့်သတ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ခါလီဖတ်ကို အင်ဒိယအမျိုးသားရေးလှုပ်ရှားမှုထဲ ဆွဲခေါ်လာခြင်း ဟာ အင်ဒိယက မူစလင်နဲ့ ဟိန္ဒူ တွေကို သီးခြား လှုမှုအဖွဲ့အစည်းတွေအဖြစ် ကွဲထွက်သွားစေပါတယ်။မိုဟာမတ် အလီဂျင်းနား ဟာ ပါကစ္စတန်ကို စတင်တည်ထောင်သူဖြစ်ပါတယ်။ သူဟာ အင်ဒီယကွန်ဂရက်ရဲ့ အဖွဲ့ဝင် တဦးဖြစ်ခဲ့ပါတယ်။ သူက ၁၉၂၀ မှာပါတီကနုတ်ထွက်ခဲ့ပါတယ်။ နောင်မှာ ဘာသာရေးအကြောင်းပြချက်တွေသုံးပြီး ပါကစ္စတန်ခွဲထွက်ရေးကို လှုံ့ဆော်ခဲ့သူလည်းဖြစ်ပါတယ်။မပူးပေါင်းရေးလှုပ်ရှားမှု ကျရှုံးပြီးနောက်မှာ ဂန်ဒီဟာ ၁၉၂၀ တလျှောက်လုံး ဘာသာရေးနွယ်တဲ့ နိုင်ငံရေးတွေ လုပ်ဆောင်နေခဲ့တယ်။ သူက ဟိန္ဒူ ဘာသာရေးကျမ်းထဲက စာပိုဒ်တွေ နဲ့ ရာမ ကို သူ့ရဲ့ နိုင်ငံရေး ဟောပြောပွဲတွေမှာ ကိုးကား ခဲ့တယ်။ ၁၉၂၈ မှာ ဖွံ့ဖြိုးမှူနောက်ကျတဲ့ လူမျိုးစုတွေကို သူဟောပြောခဲ့တာကတော့ 'စောစောထ အာလုတ်ကျင်း မျက်နှာသစ်ပြီးရင် ရာမ ရဲ့နာမတော်ကို ရွတ်ပါ။ ရာမ ဆိုတာ ဘုရား ကိုခေါ်တာပါ။ ရာမ ကိုအကြိမ်ကြိမ် ရွတ်ဆိုခြင်းဟာ ဆေးစွမ်းကောင်းပဲ။သင်တို့ဟာ အိုရာမ လို့ ရွတ်ဆိုပြီး ဆုတောင်းသင့်တယ်' ။ဟိန္ဒူ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ဒီ သင်္ကေတတွေဟာ မူစလင်တွေနဲ့ အခြား ယုံကြည်ကိုးကွယ်သူ တွေကို ဖယ်ထုတ်သလိုဖြစ်လာခဲ့တယ်။ သူတို့က ကွန်ဂရက် ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုကို ဇာတ်မြင့် ဟိန္ဒူတွေရဲ့ လှုပ်ရှားမှု လို့မြင်လာကြပါတယ်။ ဒါ့အပြင် ကွန်ဂရက်ခေါင်းဆောင် တွေဟာ ဟိန္ဒူ အမျိုးသားရေး လက်ယာအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိနေခဲ့တယ်။ ဒီအဖွဲ့တွေက မူစလင်လူ့အဖွဲ့အစည်း ရဲ့ လိုလားချက်တွေကို ရှုတ်ချသူတွေပါ။ မူစလင် လူချမ်းသာအုပ်စုက ဒီ အဖြစ်တွေအပေါ်စိုးရိမ်မကင်းဖြစ်လာကြတယ်။ သူတို့ရဲ့ အကျိုးးစီးပွားကို ကွန်ဂရက်ပါတီကထိခိုက်စေမှာ စိုးရိမ်လာကြပါတယ်။၁၉၄၄ မှာတော့ ဂန်ဒီ - ဂျင်းနား ဆွေးနွေးပွဲ တွေပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီအချိန်မှာ ဂျင်းနား ဟာ မူစလင် (ဘူဇွာ) အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။ ဒါဟာ ဂန်ဒီရဲ့ ဘူဇွာပါတီတွေကြား ရင်ကြားစေ့ရေး နောက်ဆုံး ဦးဆောင်ကြိုးပမ်းမှုပါပဲ။ သူ့ရဲ့ နိုင်ငံရေးနဲ့ ပါတီအပေါ် လွှမ်မိုးမှုက ကျဆင်းနေခဲ့ပြီဖြစ်ပါတယ်။ ဘာသာရေးအရ ကွဲပြားနေတဲ့ ဘူဇွာအင်အားစုနှစ်ခုဟာ အချုပ်အခြာအာဏာ ကိုခွဲဝေရယူဖို့ တနည်းပြောရရင် အကျိုးစီးပွားကို ခွဲဝေဖို့ စိုင်းပြင်းနေကြပါပြီ။ဒုတိယ ကမ္ဘာစစ်အပြီးမှာတော့ တော်လှန်ရေးအရှိန်ကောင်းလာနေခဲ့ပါတယ်။ ဗြိတိန်အင်ပါယာရဲ့ နေဝင်ချိန်ကိုရောက်လာနေပြီဖြစ်တာကြောင့် အုပ်စိုးသူလူတန်းစားဟာ အင်ဒိယကထွက်ခွာသွားပြီးရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေနဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကို ဆက်လက်တည်ရှိနေစေဖို့ ကြိုးပမ်းနေကြပါတယ်။သူတို့အုပ်ချုပ်ခဲ့စဉ်တလျှောက်လုံး ဘာသာရေးသွေးကွဲမှုကို အားပေးခဲ့တဲ့ ဗြိတိန်တွေက အင်ဒိယ-ပါကစ္စတန် ခွဲထွက်ရေးအတွက် လော့ဒ် မောင့်ဘတ်တန် ကိုစေလွှတ်ခဲ့ပါတယ်။ ဒါက လွတ်လပ်တဲ့ အင်ဒိယကို အားနည်း ပြိုကွဲနေစေဖို့ပါပဲ။ လူ့သမိုင်းမှာ အကြီးမားဆုံး ရွှေ့ပြောင်းမှုကြီးဖြစ်တဲ့ ဒီကွဲထွက်မှုမှာ လူပေါင်းငါးသိန်းနဲ့တစ်သန်းကြား သေဆုံးခဲ့ပါတယ်။ အမျိုးသမီးသိန်းပေါင်းများစွာ အဓမ္မ ပြုကျင့်ခံခဲ့ရပါတယ်။ လူ ၁၂ သန်း လောက် ဒုက္ခသည် ဘဝရောက်ကုန်ပါတယ်။ ဂန်ဒီက လွတ်လပ်ရေး ရပေမဲ့ အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ ကွဲထွက်မှုမှာ ဖြစ်နေတဲ့ လူသတ်မှုတွေရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ၁၉၄၈ ဇန်န၀ါရီ ၃၀ မှာတော့ ဟိန္ဒူ ဘာသာရေး အစွန်းရောက်တစ်ဦးက ဂန်ဒီကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဂန်ဒီကို ပါကစ္စတန်ဖက်က ကာကွယ်နေတယ်လို့ ထင်မြင်ယူဆခဲ့တဲ့အတွက်ပါပဲ။ဂန်ဒီ သေဆုံးပြီးနောက်မှာ ဘူဇွာတွေက ဂန်ဒီကို အင်ဒိယရဲ့ ဖခင်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ လူသန်းပေါင်းများစွာ အတိ ဒုက္ခ ရောက်ခဲ့ရတဲ့ အင်ဒိယလွတ်လပ်ရေး ရဲ့ သမိုင်းမှန်ကို ဖုံးကွယ် အာရုံလွဲထားဖို့ရာ ဂန်ဒီကို အင်ဒိယရဲ့ ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ထုတ်ဖော် ပြသခဲ့ပါတော့တယ်။အုပ်စိုးသူလူတန်းစားဟာ ဂန်ဒီ့ကို သူတော်စင်နေနဲ့ စံပြု မြှင့်တင်ထားတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူ့ရဲ အလုပ်သမား လယ်သမားထုကို ပြောခဲ့တဲ့ ' အကြမ်းမဖက်မှု ''ငြိမ်းချမ်းစွာ ဆန့်ကျင်ရေး' ဆိုတာတွေဟာ အုပ်စိုးသူတို့နားမှာတော့ သာယာတဲ့ ဂီတသံတွေပါပဲ။ လက်နက်အပြည့် တပ်ဆင်ထားတဲ့ အစိုးရက ဒီနည်းတွေကို မကြောက်ပါဘူး။ ဂန်ဒီက ကပ်ပါးကောင် 'မြေရှင်' တွေနဲ့ 'အရင်းရှင်' တွေကို တိုက်ခိုက်ဖြုတ်ချရမယ့်အစား သူတို့တွေနဲ့ စေ့စပ်ညှိနှိုင်းခဲ့တာပါ။ဒါကြောင့်ပဲ သူဟာ ရုပ်ရှင်တွေ ၊ သမိုင်းစာအုပ်တွေ မှာ ဂုဏ်ပြု ခံရပြီး လီနင်၊ ထရော့စကီး တို့လို တော်လှန်ရေး ခေါင်းဆောင်စစ်စစ် တွေကတော့ အပုတ်ချခံခဲ့ရတာပါပဲ။ တကယ်တမ်းတော့ ဂန်ဒီဟာ တော်လှန်ရေးကိုကြောက်တဲ့ ယူတိုပီယန် ဘူဇွာ ခေါင်းဆောင်တယောက်ဖြစ်ပြီး သူ့ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှာဟာ ဘူဇွာကောင်းကျိုး အတွက်သာဖြစ်ပါတယ်။ အလုပ်သမား လယ်သမားထုအတွက်မဟုတ်ခဲ့ပါဘူး။ သူက အလုပ်သမား လယ်သမားတွေရဲ့ လိုလားချက်တွေကို ဖိနှိပ်ထားခဲ့ပြီး သူတို့အပေါ်သစ္စာဖောက်ခဲ့သူပါ။ တော်လှန်ရေးကို ရှေ့တိုးစေမယ့်အစား နောက်ဆုတ်အားလျော့အောင်ပြုလုပ်ခဲ့သူဖြစ်ပါတယ်။သူက ဇာတ်ခွဲခြားမှု ၊ လူမျိုးရေးနဲ့ လိင်ခွဲခြားမှုတွေကို ဆန့်ကျင်ခဲ့တယ်ဆိုတာဟာ ယုတ္တိမရှိ တဲ့ ပါးစပ်ရာဇဝင်သာဖြစ်တယ်။ ဂန်ဒီက ဒီခွဲခြားမှုတွေကို အားပေးအဓွန်ရှည်စေချင်သူပါ။ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဂန်ဒီက လမ်းပြဦးဆောင်ခဲ့တာကအမှန်တရားပါ။ ဒါပေမဲ့လည်း သူကိုယ်တိုင် လှုံ့ ဆော်ခဲ့တဲ့လူထုကို ပြန်သစ္စာဖောက်ခဲ့တာပါ။ဂန်ဒီဟာ တောင်အာဖရိက က အာဖရီကန်တွေကို လွတ်လပ်ရေးအတွက် လမ်းပြခဲ့တယ်လို့ တချို့ကဆိုကြပါတယ်။ ဂန်ဒီက လူဖြူ တွေနည်းတူ အာဖရီကန်တွေအပေါ်ခွဲခြားဆက်ဆံခဲ့သူဖြစ်ပါတယ်။ သူက အင်ဒီယန်နဲ့ အာဖရီကန် တွေ နယ်ချဲ့ကို စုပေါင်းတော်လှန်မှာကို မနှစ်မြို့ပါဘူး။ ဒီ အချက်တွေက သူဟာ အာဖရိကမှာ နယ်ချဲ့ဆန့်ကျင်ရေးကို နှောင့်နှေးစေခဲ့ကြောင်းသက်သေပြနေပါတယ်။မဟတ္တမ ကရန်ချက် ဂန်ဒီဟာ ယူတိုပီယန် ရှေးရိုးစွဲ တယောက်ဖြစ်တယ်။ သူဟာ သူကိုယ်တိုင် ရဲ့ အတွေးအခေါ်နဲ့ သင်ကြားမှုတွေကိုမှ မလိုက်နာနိုင်သူပါ။ သူ့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှု နဲ့ အကြမ်းမဖက်ရေး မူတွေဟာ ကြောင်သူတော်ဆန်တဲ့ ပြောကြားမှုတွေသာဖြစ်တယ်။ သူက မိန်းမတွေအပေါ် ခွဲခြားတဲ့ အမြင်ရှိပါတယ်။ အင်ဒိယ ဆင်းရဲသားထုကိုအထင်အမြင်သေးသူဖြစ်တယ်။ ဖွံဖြိုးမှုနောက်ကျတဲ့ လူမျိုးစုတွေနဲ့ ဒါးလစ် ( ဇာတ်အလွန်နိမ့်သူ ) တွေအပေါ် နှိမ့်ချပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို အရှိန်တန့်စေခဲ့တယ်။ သူ့ရဲ့ ဇာတ်မြင့် ဟိန္ဒူ တွေအပေါ် ပစားပေးမှု တွေကလည်း အင်ဒိယ-ပါကစ္စတန် ကွဲထွက်မှုကို ကူညီအားပေးရာ ရောက်ခဲ့ပါတယ်။(Adapted from 'gandhi: the myths behind the mahatama' by Ravi Mistry)လင်းကိုကွန်မြူနစ်စာစောင် အတွဲ၁ အမှတ်၁ ပါဆောင်းပါးဖြစ်ပါတယ်။ စာစောင်အပြည့်အစုံကို အောက်ပါလင့်ခ်ကနေ ဆွဲယူဖတ်နိုင်ပါတယ်။ https://my.pcloud.com/publink/show…